Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွဲ (၃)

Author: ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
Publish Date: 8 May, 2017
Category: Books

Book Review

အမှာစာ


ယနေ့ ကျွနု်ပ်တို့ တိုင်းပြည်တွင် နိုင်ငံရေးအရ အလွန်အရေးကြီးသော ဖြစ်စဉ်နှစ်ရပ် ကို တပြိုင်နက်တည်း ဆောင်ရွက်နေပါသည်။ ယင်းဖြစ်စဉ်နှစ်ရပ်မှာ- ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တို့ပင်ဖြစ်သည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဓိကအခန်းမှ ပါဝင်လှုပ်ရှားနေသူများသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရ- အထူးသဖြင့် တပ်မတော်တို့ ပင် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားသူ များသည် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကိုဦးဆောင်ခဲ့သော ရဟန်းရှင် လူ ကျောင်းသားပြည်သူအပေါင်းနှင့် ထိုအချိန်မှ စတင်ဖွဲ့စည်းထူထောင်ခဲ့ကြသော နိုင်ငံရေးပါတီများနှင့် အစိုးရတို့ ပါဝင်ကြပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၏ ရည်ရွယ်ချက်မှာ- နှစ်ပေါင်း (၇၀) နီးပါးကြာမြင့်နေပြီ ဖြစ်သော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေ၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း ဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးပင် ဖြစ်ပါသည်။ နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ပါသည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပထမခြေလှမ်းအဖြစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးရန် လိုအပ်ပါသည်။ ထို့ကြောင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့နှင့် နိုင်ငံတော်အစိုးရ (အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်) တို့က ၂၀၁၅၊ အောက်တိုဘာလ (၁၅) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ပထမအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆၊ ဇန်နဝါရီ (၁၂) ရက်မှ (၁၆) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော နိုင်ငံတော်အစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်ကို အခြားတဖက်၌ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ယင်းကြိုးပမ်းမှုရလဒ် ကြောင့် ၂၀၁၅၊ နိုဝင်ဘာ (၈) ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ ပြီး၊ ထိုရွေးကောက်ပွဲကြီးတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းကာလ၏ နိုင်ငံရေးဖြစ်စဉ်ကို တစိုက်မတ်မတ်  ဦးဆောင်ပေးခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိ ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးပြီးချင်း၊ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်မည့်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည်။ သို့ရာတွင် နိုင်ငံရေးတိုးတက် ပြောင်းလဲမှုများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သော ''နိုင်ငံရေးဆွေးနွေးမှုမူဘောင်" ကို ပြုလွယ်ပြင်လွယ်ဖြစ်စေလိုကြောင်း တောင်းဆိုခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်းဆိုမှုကို နိုင်ငံတော်အစိုးရနှင့် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက ကြိုဆိုလက်ခံခဲ့ ကြပါသည်။ အကြောင်းမှာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစို်းရဖြစ်လာပြီးနောက်- အစိုးရတွင် တာဝန်ယူနေကြသော ပုဂ္ဂိုလ်များ အပြောင်းအလဲ ဖြစ်ရမည်က တကြောင်း၊ ပြီးလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးနောက် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တင်းပြည့် ကျပ်ပြည့်ပါဝင်လာနိုင်ကြမည်ဟု မျှော်လင့်ခဲ့သောကြောင့်တကြောင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြုလွယ်ပြင်လွယ်ရေးဆွဲအတည်ပြုခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံကို "၂၁- ရာစုပင်လုံ" ဟူသော အမည်နာမနှင့် တွဲဖက်ကျင်းပလို ကြောင်း အဆိုပြုခဲ့ပါသည်။ ယင်းအဆိုပြုချက်ကိုလည်း မိမိိတို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ကြိုဆိုလက်ခံခဲ့ကြပါသည်။ အကြောင်းမှာ- မိမိတို့ တိုင်းရင်းသားလူမျိုးအသီးသီးက လက်နက်ကိုင်တော်လှန်ရေး ကိုဆင်နွှဲနေရခြင်းမှာ- ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးကြပြီးသော်လည်း၊ ထိုစာချုပ်အရ အကောင် အထည်ဖော် ထူထောင်နိုင်ခြင်း မရှိသောကြောင့်သာလျှင် ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံတွင် မျှော်မှန်း ခဲ့သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်ရန် ဤငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆင်နွှဲနေ ရခြင်းဖြစ်သည်။ ထို့ကြောင့် ဤငြိမ်းချမ်းရေးဖြစ်စဉ်သည် ပင်လုံစိတ်ဓာတ်ကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ ထို့ကြောင့် "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ" ဟူသော အမည်နာမကို မိမိတို့ ကြိုဆိုလက်ခံခြင်း ဖြစ် ပါသည်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ"ကို ၂၀၁၆၊ သြဂုတ်လ (၃၁) မှ (၃) ရက်အထိ နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပါသည်။ ထိုညီလာခံကြီး တွင် အစိုးရ (အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြား ပါဝင်သင့်ပါဝင်ထိုက် သူ ခေါင်းဆောင်ကိုယ်စားလှယ် (၇၂) ဦးက နိုင်ငံရေးမိန့်ခွန်းများ မြွက်ကြားနိုင်ခဲ့ ကြပါ သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည့် "ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ- UNITED NATIONALITIES FEDERAL COUNCIL (Union of Burma)(UNFC)" မှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား၍ မိန့်ခွန်းများ ပြောကြားခွင့်ပေးခဲ့ပါသည်။ ထို့အပြင် ကမ႓ာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်လည်း ဖွင့်ပွဲတွင် တက်ရောက်၍ မိန့်ခွန်းမြွက်ကြားပေးခဲ့ပါ သည်။ ထို "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ" သည် ကမ႓ာက အသိအမှတ်ပြုသည့် သမိုင်းဝင်ငြိမ်းချမ်းရေးညီလာခံကြီးပင် ဖြစ်ပါသည်။

ထိုသမိုင်းဝင် ငြိမ်းချမ်းရေးညီလာခံကြီးမှတ်တမ်းကို ထုတ်ဝေခွင့်ရရှိသောကြောင့် အထူးဝမ်းသာ ဂုဏ်ယူ မိပါသည်။ ထိုသို့ ထုတ်ဝေခွင့်ပေးသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ "ငြိမ်းချမ်း ရေးဖြစ်စဉ် ဦးဆောင် အဖွဲ့" (Peace Process Steering Team- PPST) အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

လေးစားလျက်

ဆလိုင်းလျန်မှုန်း

ထုတ်ဝေသူ

တိုင်းရင်းသား လူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း

၁၀၊ ဒီဇင်ဘာ၊ ၂၀၁၇


Download PDF