Books

  • Home/
  • Books

ငြိမ်းချမ်းရေးစာစောင် (အမှတ်- ၁) - လက်ရှိငြိမ်းချမ်းရေုးဖြစ်စဉ်နှင့် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍ

Author: CDES
Publish Date: 11 May, 2020
Category: Books

Book Review

အမှာစာ


(၁)

ယခုအချိန်သည် ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးသော ကာလဖြစ်ပေသည်။ အကြောင်းမှာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်သည့် ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေ၍၊ ဤပြည်ထောင်စုကြီးတွင် ငြိမ်းချမ်းရေး ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသောကာလဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ 

လက်ရှိဆောင်ရွက်လျက်ရှိနေသော ငြိ်မ်းချမ်းရေးဖြစ်စဉ်ကြီးကို "တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်" (NCA) အရ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ NCA စာချုပ်၏ ဘုံနိုင်ငံရေး ဦးတည်ချက်ကြီးကို NCA စာချုပ် အခန်း(၁)၊ အပိုဒ်(၁-က) တွင် အောက်ပါအတိုင်း ရှင်းရှင်းလင်းလင်းရေးထားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်  ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။ 

ထိုနိုင်ငံရေးဦးတည်ချက်ကို လေ့လာသုံးသပ်မည်ဆိုပါက အရေးကြီးသောအချက် (၄) ချက် ပါဝင် သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ပထမအချက်မှာ အစိုးရဘက်မှ တင်ပြခဲ့သော "ဒို့တာဝန်အရေး သုံးပါး" ဟု ခေါ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ဖြစ်ပါသည်။ ဒုတိယအချက်မှာ လွတ်လပ်၍ ငြိမ်းချမ်းသောလူအဖွဲ့အစည်းတရပ်ကို ထူထောင်ရန် မရှိမဖြစ်လိုအပ်သည့် လောကပါလတရားပင်ဖြစ်သည်။ လောကပါလတရားဆိုသည်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ပင် ဖြစ်ပါသည်။ တတိယအချက်မှာ ပင်လုံစိတ်ဓာတ်ဖြစ်၍ စတုတ္ထအချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ နှစ်ပေါင်း (၇၀) ကျော် လက်နက် ကိုင်တောင်းဆိုထားသည့် "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"တို့ပင် ဖြစ်ပါသည်။ ထိုနိုင်ငံရေးဦးတည်ချက် (၄) ရပ်ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတရပ်ကို တည်ဆောက်ရန် ဘုံရည်မှန်းချက်ထားရှိပါသည်။ 


(၂)

ထိုနိုင်ငံရေးဘုံရည်မှန်းချက် (၄) ရပ်ကို ထပ်မံ၍ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက အစိုးရဘက်မှ တင်ပြတောင်းဆိုခဲ့သော ဒို့တာဝန်အရေးသုံးပါးနှင့် တို်င်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆို ထားသည့် "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး" တို့သည် နိုင်ငံရေး ပြဿနာနှင့် တိုက်ရိုက်ဆက်နွှယ်သောကိစ္စရပ်များ ဖြစ်ပါသည်။ နိုင်ငံရေးပြဿနာဖြစ်သောကြောင့် နိုင်ငံရေး၏ အခြေခံရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို အသုံးချ၍ဖြေရှင်းရပေမည်။ အကြောင်းမှာ နိုင်ငံရေးပြဿနာသည် အာဏာပြဿနာဖြစ် သည်။ နိုင်ငံရေးအာဏာဆိုသည်မှာလည်း အခြားမဟုတ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာနိုင် ရေးအတွက် "နိုင်ငံရေးအာဏာ" ဟူသော ယန္တရားကို အသုံးပြု၍ ဖြေရှင်းရပေမည်။ 

NCA စာချုပ်ပါ နိုင်ငံရေး  ဘုံရည်မှန်းချက် နံပါတ် (၃) ဖြစ်သည့် "ပင်လုံစိတ်ဓာတ်" ဆိုသည်မှာ ဒီပြည် ထောင်စုကြီး ထူထောင်ခဲ့သော ပင်လုံစာချုပ်ကို အသိအမှတ်ပြုခြင်းနှင့် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုကြီး ထူထောင်ရေးဆိုင်ရာ မရှိမဖြစ် လိုအပ်သော ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် "ပင်လုံစိတ်ဓာတ်" ဟူသော စကားရပ်က ဤတိုင်းပြည် မည်သို့ဖွဲ့စည်းထူထောင်ခဲ့ကြသည်ဟူသော "သမိုင်းကြောင်း" ကို ပြန်လည်အသိ အမှတ်ပြုရုံသာမက ဤပြည်ထောင်စုကြီး၏ အနာဂတ်ဦးတည်ချက်ကိုလည်း လမ်းညွှန်ပေးသောစကားရပ် ပင်ဖြစ်ပါသည်။


(၃)

  NCA စာချုပ်ပါ ဘုံနိုင်ငံရေး ဦးတည်ချက်ဖြစ်သည့် "လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု" တည်းဟူသော လောကပါလတရားသည် ငြိမ်းချမ်းသောလူ့ဘောင်အဖွဲ့အစည်းတခု ထူထောင်ရာတွင် မရှိ မဖြစ် လိုအပ်သည့်အခြေခံမူပင် ဖြစ်ပါသည်။ ယင်းလောကပါလတရားများသည် ငြိမ်းချမ်း၍ တရားမျှတမှုရှိ သော လူ့အဖွဲ့အစည်း ထူထောင်ရေးအတွက် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်လူမျိုး၊ မည်သည့် ဘာသာတရား၊ မည်သည့်ယဉ်ကျေးမှုနှင့်မဆို ဆန့်ကျင်ခြင်း မရှိဘဲ၊ အကျိုးအကြောင်း မှန်ကန်၍ လူ့လောက တခုလုံးတွင် အသုံးချနိုင်သောအမှန်တရားများပင် ဖြစ်ကြပါသည်။ အာဏာရှင်စနစ်မှလွဲ၍ မည်သည့်နိုင်ငံ ရေးစနစ်အောက်တွင်မဆို အကောင်အထည်ဖော် ကျင့်သုံးနိုင်သောအခြေခံမူများလည်း ဖြစ်ပေသည်။ ထို့ ကြောင့် လောကပါလတရားများကို အကောင်အထည်ဖော်ရန် နိုင်ငံရေးအာဏာကို အသုံးချရန် မလိုအပ်ပေ။ စစ်ရေးနည်းလည်း မလိုအပ်ပေ။ အမှန်တရားကို လက်ခံ၍ မေတ္တာတရား ရင်ဝယ်ပိုက်နိုင်သော လူသားအားလုံး က စွမ်းဆောင်နိုင်သည့်အရာပင်ဖြစ်ပါသည်။ နိုင်ငံသားတဦးချင်းစီအနေဖြင့် သစ္စာတရားကို အခြေခံ၍ မိမိ စွမ်းဆောင်နိုင်သည့်ကဏ္ဍမှ ပါဝင်လုပ်ဆောင်၍ ရသောအရာဖြစ်ပါသည်။ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ထူထောင်ရန်၊ မွန်မြတ်သောစေတနာနှင့် မိမိ၏ဆန္ဒအတိုင်း ပါဝင်ချင်သောသူတိုင်း၊ ပါဝင်ပတ်သက် လုပ် ဆောင်၍ရပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုတရပ်လုံးပါဝင်နိုင်ရေး လမ်းဖွင့်ထားသော တံခါး ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ 


(၄)

ကမ႓ာပေါ်တွင် ငြိမ်သက်ခြင်းရှိစေသတည်း။

ဤတိုင်းပြည်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် လူထုတရပ်လုံး ပါဝင်ရန် လိုအပ်ပေသည်။ အထူးသဖြင့် လူထုတရပ်လုံးကို မေတ္တာတရား၊ သစ္စာတရားနှင့် သမ္မာတရားတို့ဖြင့် ဦးဆောင်လမ်းပြမှုပေး နေကြသော ဘာသာရေးခေါင်းဆောင်ကြီးများပါ ပါဝင်ရန် လိုအပ်ပေသည်။ ဘာသာရေးခေါင်းဆောင်ကြီးများ သည် ပြည်သူလူထုတရပ်လုံးကို နိုင်ငံရေးသမားကဲ့သို့ "အာဏာ" ကို အသုံးပြု၍ ဦးဆောင်သူများ မဟုတ် ကြပေ။ မေတ္တာတရား၊ သစ္စာတရားတို့အပေါ် အခြေခံသော "သြဇာ"ဖြင့် လူထုကို ဆွဲဆောင်သူများဖြစ်ကြ ပါသည်။ ထို့ကြောင့် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားအဆိုအရ ဘာသာရေးခေါင်းဆောင်များ၏ "သြဇာ" သည် မေတ္တာတရား၊ သစ္စာတရားနှင့် သမ္မာတရားတို့တွင် အခြေခံသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။

ကမ႓ာတွင်ရှိသည့် ဘာသာရေးတိုင်းသည် ငြိမ်းချမ်းရေးကို ဟောပြောကြ၏။ လူသားတိုင်း အကျင့်သီလ ကောင်းမွန်ရေးကို သွန်သင်ကြ၏။ လောကကြီးတွင် မေတ္တာတရားပွားများ၍ သစ္စာတရားနှင့် တရားစိုးမိုးရေးကို လမ်းညွှန်ကြ၏။ ဘာသာတရားများသည် လောကုတ္တရာဟုခေါ်သော နောင်တမလွန်ကိစ္စရပ်များတွင် သွန်သင် ဆုံးမပုံချင်း ကွဲပြားနိုင်သော်လည်း ဤလောကတွင် လူသားများ အသက်ရှင်နေထိုင်စဉ် ကာလအတွင်း ကျင့်ကြံ နေထိုင်ရေးနှင့်ပတ်သက်သည့် လောကီရေးရာကိစ္စရပ်များတွင် သွန်သင်မှုချင်း သိပ်မကွာခြားကြလှပေ။ ဥပမာ ခရစ်ယာန်ဘာသာဝင်တို့၏ ပညတ်တော် (၁၀) ပါးတွင် ပါရှိသည့် အောက်ပါအချက်များကို လေ့လာကြည့် ပါက ဘာသာတရားတိုင်း၏ သွန်သင်ချက်များနှင့် သံတူကြောင်းကွဲမျှသာ ကွာ၍ အနှစ်သာရအတူတူပင် ဖြစ်ကြ သည်ကို တွေ့မြင်နို်င်ပါသည်။ 

(၁) သင်၏ မိဘကို ရိုသေသစ္စာ ပြုလော့။ 

(၂) လူ့အသက်ကို မသတ်နှင့်။

(၃) သူ့မယားကို မပြစ်မှားနှင့်။ 

(၄) ရွှေ၊ ဥစ္စာကို မခိုု်းနှင့်။ 

(၅) မမှန်ကန်သော သက်သေမခံနှင့်။

(၆) သူတပါး၏ ပစ္စည်းဥစ္စာ တစုံတခုကိုမှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။

ထိုဘာသာရေးသွန်သင်ချက်များသည် ငြိမ်းချမ်း၍တရားမျှတသော လူ့ဘောင်လောက တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်များပင် ဖြစ်ကြပါသည်။ 

မိမိတို့ ခရစ်ယာန်ဘာသာဝင်များ ယုံကြည်ချက်တွင် အလွန်အရေးကြီးသည့် ယုံကြည်ချက်မှာ ခရစ် တော်သည် လောကလူသားများ၏အပြစ်မှ ကယ်တင်ရန် ဤကမ႓ာသို့ ကြွရောက်ခြင်းဖြစ်သည်ဟူသော အချက် ပင်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်လောကကြီးသို့ ကြွဆင်းပြီး လူ့ဇာတ်ကိုခံယူ၍ လူသားအဖြစ် ပြန်လည် မွေးဖွားခြင်းကို ခံယူသောအချိန်တွင် ကောင်းကင်တမန်များက ဤကမ႓ာမြေကြီးပေါ်တွင် ငြိမ်သက်ခြင်း ရှိစေ သတည်း၊ လူတို်င်း မေတ္တာ၊ ကရုဏာရှိစေသတည်းဟု ချီးမွမ်း၍ မြွက်ဆိုခဲ့ကြသည်။ ယခုလည်း ကျနော် တို့တိုင်းပြည်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်သောကာလ၊ ငြိမ်သက်ခြင်းကို မွေးဖွားရန် ကြိုးပမ်းသော ကာလကြီးဖြစ်နေပါသည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံကိုလည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံးအကြား မေတ္တာ၊ ကရုဏာပွားများ၍ ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ကြပါစေသတည်းဟု ဆုတောင်းရမည့်ကာလဖြစ်၏။ ထိုဆုတောင်းချက်နှင့်အတူ ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်ရေးကို ရည်ရွယ်၍ ယခုငြိမ်းချမ်းရေးစာစောင် ကို ထုတ်ဝေလိုက်ပါသည်။ 


မေတ္တာဖြင့် 

ဆလိုင်းလျန်မှုန်း

တိုင်းရင်းသားလူမျိုးများရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း  

(၂၀၊ ဇန်နဝါရီ၊ ၂၀၂၀)



Download PDF