Books

  • Home/
  • Books

သူးမွဲကလိုး အမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှတ်တမ်း (၁၉၉၈)

Author: ဆလိုင်းလျန်မှုန်း
Publish Date: 8 Jul, 2020
Category: Books

Book Review

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှု

(အတွဲ - ၇)


အမှာစာ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့ သည့် ပင်လုံစာချုပ်ကို အခြေခံ၍ ဖွဲ့စည်းထူထောင်ထားသော လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် ယနေ့အထိ ပင်လုံစာချုပ်ကို အပြည့် အဝအကောင်အထည်မဖော်နိုင်သေးသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရပြီး၊ တိုင်းရင်းသားပြည်သူတရပ်လုံးမှာလည်း လွတ်လပ်ရေး၏အသီးအပွင့်ကို အပြည့်အဝ ခံစားပိုင်ခွင့်မရရှိနိုင်ကြသေးပေ။


            ယနေ့တိုင် အကောင်အထည်မဖော်နိုင်သေးသော ပင်လုံစာချုပ်ပါအချက်များအနက် အရေးအကြီးဆုံးသောအချက် (၂) ချက်မှာ ပင်လုံစာချုပ် အပိုဒ် (၅) တွင်ပါရှိသော "တိုင်းရင်းသားလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိနေရမည်ဟူသည့် စစ်မှန်သောဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကြီး ကို ထူထောင်ရမည်ဆိုသည့်အချက်နှင့် ပင်လုံစာချုပ် အပိုဒ် (၇) တွင် ပါရှိသော ဒီမိုကရေစီ စနစ်ကို ဤတိုင်းပြည်တွင် ကျင့်သုံးမည့်နိုင်ငံရေးစနစ်ဖြစ်ရမည်ဟူသောအချက်များပင် ဖြစ် ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ- အထူးသဖြင့် ချင်း၊ ကချင်နှင့် ရှမ်းခေါင်းဆောင်များက ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။


            ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်သောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့်ရင်ဆိုင်နေရပါသည်။ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ်နှင့် တပါတီအာဏာရှင်စနစ်များ ပေါ်ထွန်းခဲ့ရပါသည်။ စစ်အာဏာရှင်စနစ်နှင့် တပါတီ အာဏာရှင်စနစ်တို့ကြောင့် ဒီမိုကရေစီဆိတ်သုဉ်းပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ်တည်ဆောက်ရေးမှာလည်း အလှမ်းဝေးခဲ့ရပါသည်။ ထိုကဲ့သို့သော တိုင်းပြည်၏ အနိဋ္ဌာရုံများကြားတွင် ကျောင်းသားလူငယ်များ ဦးဆောင်၍ တနိုင်ငံလုံး ပါဝင်ဆင်နွှဲခဲ့ကြ သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါသည်။ ရှစ်လေးလုံး ဒီမို ကရေစီအရေးတော်ပုံကြီး၏ အကျိုးကျေးဇူးကြောင့် တိုင်းရင်းသားအရေးသည် ပြည် ထောင်စုအရေးဖြစ်သည်ဟု လူထုတရပ်လုံးက မြင်လာကြပါသည်။ ဒီမိုကရေစီရေးနှင့်အတူ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် တပြိုင်နက်တည်း တိုက်ပွဲဝင်ကြရမည်ဟု သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။


            ဤသို့ဖြင့် ပင်လုံစာချုပ် ချုပ်ဆိုရာ ဘူမိနက်သန်ဖြစ်သော ပင်လုံမြို့တွင် စိုက်ထူခဲ့ သည့် တောင်တန်းပြည်မ ပူးပေါင်းရေးကျောက်တိုင်ကြီးတွင် ကမ္ပည်းရေးထိုးခဲ့သည့်အတိုင်း ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် တပါတီအာဏာရှင်စနစ်တို့ကို ဆန့်ကျင်ခဲ့ကြသည်။ ထိုပူးပေါင်းရေးမှတ်တိုင်များအဖြစ် တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၄) ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးတွဲ၍ ဗိုလ်အောင်ကျော် လမ်းကြေညာချက်ကို ၁၉၈၉၊ သြဂုတ် (၂၉) ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။


            ဗိုလ်အောင်ကျော်လမ်းကြေညာချက်တွင် ချမှတ်ထားသည့် 'ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်' အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင် သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လက်တွဲဆောင်ရွက်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးစခန်းတွင် ရောက်ရှိခဲ့သည့် ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများက 'မာနယ်ပလောစာချုပ်'ကို ၁၉၉၂၊ ဇူလိုင်လ (၃) ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ကြပါသည်။


            ဗိုလ်အောင်ကျော်လမ်းကြေညာချက်နှင့် မာနယ်ပလောစာချုပ်တို့သည် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်း၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့်အခြေခံမူ နှင့် သဘောတရားများကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအခြေခံမူများနှင့် သဘောတရား များကို လက်တွေ့ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်း ရှာဖွေရန် "သူးမွဲကလိုးအမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲ" ကို ၁၉၉၈၊ ဒီဇင်ဘာလ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၏ တော်လှန်ရေး စခန်းများအနက်တခုဖြစ်သည့် သူးမွဲကလိုးတွင်ကျင်းပနိုင်ခဲ့ပါသည်။ သူးမွဲကလိုး အမျိုးသား သွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲကြီးတွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက အချက်ပေါင်း (၁၃) ချက် ပါဝင်သော "သူးမွဲကလိုး သဘောတူညီချက်"များကို ဆုံးဖြတ်ချက်ချမှတ်၍ လက်မှတ်ရေးထိုးခဲ့ကြသည်။


            ထိုသဘောတူညီချက်များအနက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသော အောက်ပါအခြေခံမူများ ပါဝင် ခဲ့သည်။


            (၆)       တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ကို ကျင့်သုံးရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။


            (၇)       အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိပြီး၊ အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သဘောတူဆုံးဖြတ်သည်။


            သူးမွဲကလိုးသဘောတူညီချက်များကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်ရင်း ၂၀၀၅ ခုနှစ်တွင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံ ရမည့် လမ်းညွှန်အခြေခံမူ (၈) ချက်ကို ချမှတ်နိုင်ခဲ့ပြီး ထိုလမ်းညွှန်အခြေခံမူ (၈) ချက်ကို အခြေခံ၍ "ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ" ပထမမူကြမ်းကို ၂၀၀၆ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယမူကြမ်းကို ၂၀၀၈ တွင်လည်း ကောင်း ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ပါသည်။


            ထိုလမ်းညွှန်အခြေခံမူ (၈) ချက်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူအဖြစ် တရားဝင် တင်သွင်းနိုင်ခဲ့ ပါသည်။


            ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကျင်းပခဲ့သော "သမိုင်းဝင် သူးမွဲကလိုးအမျိုးသား သွေးစည်း ညီညွတ်ရေးနှီးနှောဖလှယ်ပွဲမှတ်တမ်း"ကို "ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုကြီးတည်ဆောက်ရေးကြိုးပမ်းမှု" အတွဲ (၇) အဖြစ် ထုတ်ဝေဖြန့်ချိပေး လိုက်ခြင်းဖြစ်ပါသည်။


           


ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ။


ဆလိုင်းလျန်မှုန်း

(စုစည်းတင်ပြသူ)

၁၅၊ မေလ၊ ၂၀၂၀


Download PDF